Saturday, October 27, 2018

"တောင်တက်သမားသုံးယောက်"

တောင်တက်သမားသုံးယောက်

ဘဝဇာတ်ခုံတွင် အောင်အောင်မြင်မြင် လျှောက်လှမ်းနိုင်မနိုင်ကို ခန့်မှန်းအဖြေထုတ်နိုင်သည့် Adversity Quotient ဟုခေါ်သော ညွှန်းကိန်းတစ်ခု မကြာသေးမီနှစ်များအတွင်း ပေါ်ထွက်လာခဲ့သည်။ အင်္ဂလိပ်ဝေါဟာရဖြင့် Adversity မှာ အခက်အခဲ၊ မနှစ်မြို့ဖွယ် အခြေအနေဟု အဓိပယ်ရရာ အခက်အခဲနှင့် ရင်ဆိုင်တွေ့သည့်အခါ မကြောက်မရွံ့နောက်မတွန့်ဘဲ ရင်ဆိုင်နိုင်စွမ်း၊ အကြိမ်ကြိမ်လဲကျသော်လည်း ပြန်ထနိုင်စွမ်းကို Adversity Quotient ဟု ခေါ်ဆိုခြင်းဖြစ်သည်။
အကျပ်အတည်း ကြုံချိန်၊ အရှုံးနှင့်တွေ့ချိန်၊ ငြင်းပယ်ခံရချိန်တွင် မည်သို့တုံ့ပြန်နိုင်သနည်းကို တိုင်းတာပြီး Adversity Quotient AQ အဖြစ် Dr.Paul Stoltz က သုတေသနပေါင်း ၅ဝဝခန့်မှ တွေ့ရှိချက်များကို လေ့လာဆန်းစစ်ကာ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ ဆိုးဝါးသည့် အခြေအနေနှင့် ကြုံချိန်တွင် ကြံ့ကြံ့ခံကာ ဆက်လက်ရှင်သန်နိုင်မည်လား၊ သို့မဟုတ် ပြိုလဲကျဆုံးသွားမည်လားကို AQ က ဖော်ပြနိုင်သည်။ AQ မြင့်မားသူသည် အကျပ်အတည်းကြုံချိန်တွင် အကောင်းဆုံးအားထုတ်သည်၊ အရှုံးနှင့် တွေ့သော်လည်း အားမလျှော့၊ ငြင်းပယ်ခံရသော်လည်း စိတ်မပျက်။
AQ ကို Paul Stoltz က တောင်တက်သမားသုံးယောက် ဥပမာဖြင့် ရှင်းပြထားသည်။ မြင့်မားသော တောင်တစ်လုံးကို တောင်တက်သမားများ တက်ကြသည်။ လမ်းခရီးမှာ မတ်စောက်သလို ကြမ်းတမ်းသည်။ ချမ်းအေးသလို လေလည်းထန်သည်။
တောင်တက်သူအများစုမှာ ခရီးအစလေးတွင်ပင် ဘေးထွက်ထိုင်ကြမည်၊ နောက်ပြန်လှည့်ကြမည်၊ အလျှော့ပေးသွားကြမည်။ သူတို့သည် Quitters ခေါ် 'လက်မြောက်အရှုံးပေးသူများ' ဖြစ်သည်။ သူတို့သည် တောင်ကို မတက်လိုတော့။ တောင်ထိပ်သို့ရောက်လိုသော်လည်း လမ်းရှိ အခက်အခဲတို့ကို ရင်မဆိုင်လိုတော့။
အခိျု့တောင်တက်သူများမှာ ဆက်လက်တက်ကြသည်။ သို့သော် အတန်ငယ် ခရီးပေါက်သည်ဟု ထင်လျှင် ဆက်မတက်လိုတော့။ ပင်ပန်းပြီ၊ ခြေကုန်လက်ပန်းကျပြီ၊ ငါတက်နိုင်တာ ဒီလောက်ပဲဟု စိတ်ဒုန်းဒုန်းချလိုက်ကာ ရောက်ရာနေရာတွင် စခန်းချလိုက်တော့သည်။ ထိုဒုတိယအမျိုးအစား တောင်တက်သူများသည် Campers ခေါ် 'စခန်းချသူများ' ဖြစ်သည်။ 'စခန်းချသူများ' သည် 'လက်မြောက်အရှုံးပေးသူများ' ထက်တော့ ခရီးပေါက်သည်။
ရည်မှန်းချက် တောင်ထိပ်သို့ မရောက်မချင်း တက်သူများမှာ Climbers 'အတက်သမားများ' ဖြစ်သည်။ လမ်းခရီးမည်သို့ပင် ကြမ်းတမ်း မတ်စောက်ပါစေ သူတို့ကြိုးစားတက်သည်။ စိတ်ဓာတ်အင်အား မကျဆင်းဘဲ မရောက်မချင်း ဇွဲနပဲနှင့် တက်သူများဖြစ်သည်။ မျှော်လင့်ချက်၊ အနိုင်မခံအရှုံးမပေးစိတ်၊ တောင်ထိပ်သို့ရောက်လိုစိတ်တို့က 'အတက်သမားများ' ကိုရှေ့ဆောင်သည်။
ထိုတောင်တက်သူသုံးဦးကို လက်တွေ့ဘဝတွင်လည်း တွေ့မြင်နိုင်သည်။ 'လက်မြောက် အရှုံးပေးသူများ' သည် အခက်အခဲနှင့် အမြည်းသဘောတွေ့လိုက်ရုံဖြင့် အလံဖြူထောင် လက်နက်ချလိုက်သည်။ 'စခန်းချသူများ' မှာမူ အတန်ငယ် အဆင်ပြေရုံဖြင့် 'ဒီဘဝ ဒီမျှ' ဟု သဘောထားကာ တန်းဖြုတ်လိုက်တော့သည်။ ဆက်လက်အားထုတ်ကြိုးစားခြင်းကို ရပ်တန်းကရပ်လိုက်ကာ ဘဝ၏ ကျန်အချိန်များကို ကုန်ဆုံးစေတော့သည်။
'အတက်သမားများ' မှာမူ မိမိရည်မှန်းချက်ပန်းတိုင်သို့ မရောက်ရောက်အောင် ကြိုးစားအားထုတ်ကြသည်။ သူတို့သည် မွေးစမှသည် သေသည်အထိ တောက်လျှောက်တက်နေကြသည်။ အသက်အရွယ်မရွေး၊ အမျိုးသားအမျိုးသမီးမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ဥာဏ်ရည်ကောင်းညံ့မရွေး 'အတက်သမား' တို့သည် တက်မြဲတိုင်းတက်နေကြသည်။ 'ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်' ဆိုသည်မှာ 'အတက်သမား' တို့၏ ဆောင်ပုဒ်ဖြစ်သည်။
ဘဝဆိုသည်မှာ တောင်တက်ခြင်းတစ်မျိုးပင်ဖြစ်သည်။ မိမိဘဝတိုးတက်ရာ တိုးတက်ကြောင်း အမြဲရုန်းကန်နေရသည်။ မိမိရည်မှန်းချက်သို့ ရောက်အောင် တရွေ့ရွေ့ တဖြည်းဖြည်း တက်နေရသည်။ အောင်မြင်မှုဆိုသည်မှာ ရည်မှန်းချက်ရှိရာ အမြင့်သို့ရောက်အောင် လမ်းတွင် ကြုံတွေ့ရသော အခက်အခဲများ၊ အတားအဆီးများအား ကျော်ဖြတ် ရင်ဆိုင်ကာ အရောက်သွားနိုင်ခြင်းပင်ဖြစ်သည်။ ချွေးနှင့်သွေးနှင့်ရင်းကာ တက်ခဲ့ရခြင်းဖြစ်ရာ တောင်ထိပ်သို့ ရောက်ရှိခြင်းမှာ ချိုမြိန်လှသည်။
တောင်တက်သမားသုံးမျိုးတွင် 'အတက်သမား' တစ်ဦးတည်းသာ တောင်ထိပ်သို့ ရောက်ခြင်းတည်း ဟူသော အောင်မြင်မှုကို ခံစားရယူနိုင်မည်။
'လက်မြောက်အရှုံးပေးသူများ' သည် ရသင့်ရထိုက်သော ဘဝကို မရယူကြသူများဖြစ်သည်။ သက်သာသည်ဟုထင်ရသော်လည်း ထိုသူတို့သည် ဘဝကို နောက်ကြောင်းပြန်လှည့်ကြည့်သောအခါတွင် မလုပ်ခဲ့လေခြင်း၊ မကြိုးစားခဲ့လေခြင်းဟု
နောင်တမီးတောက်လောင်ရသူများဖြစ်သည်။ စိတ်အလိုမကျ၊ မပြည့်ဝဘဲ စိတ်ဓာတ်ကျဆင်းနေတတ်ကြသောကြောင့် ပတ်ဝန်းကျင်ကို အမြဲရန်လိုနေသူများဖြစ်သည်။ 'အတက်သမား'တို့ကို လှမ်းမျှော်ကြည့်ကာ ကုသာမစာရိယတို့ဖြင့် ပူလောင်နေသူများဖြစ်တတ်သည်။
'စခန်းချသူများ' သည်လည်း ရသင့်ရထိုက်သောဘဝကို အရမယူသူများဖြစ်သည်။ 'လက်မြောက်အရှုံးပေးသူများ' နှင့် ကွာခြားသည်မှာ အတိုင်းအတာ၊ ပမာဏတွင်သာဖြစ်သည်။ သူတို့သည် လက်ရှိရထားသော နေရာကို စွန့်လွှတ်ရမည်ကို စိုးရိမ်နေတတ်ကြသည်။ ယခုလောက် ကြိုးစားပြီးလျှင်တော်ပြီဟု ဆိုကာ လေ့လာသင်ကြားခြင်း၊ အားထုတ်ခြင်းကို ရပ်တန့်လိုက်သူများဖြစ်သည်။
'အတက်သမားများ' သည်သာ ဘဝတွင် နေရကျိုးနပ်သူများဖြစ်သည်။ သူတို့သည် ခံစားချက်ပြင်းပြင်းဖြင့် ရည်မှန်းချက်သို့ ချီတက်နိုင်ကြသည်။ မှန်မှန်ကြိုးစားသွားလျှင် တစ်နေ့လိုရာပန်းတိုင်သို့ရောက်မည်ဟု ယုံကြည်သူများဖြစ်သည်၊ ရောက်လည်းရောက်ကြသည်။ 'တစ်နေ့တစ်လံ ပုဂံ ဘယ်ရွေ့မလဲ' ဟု သဘောပေါက်ကြသည်။
အဆိုပါ တောင်တက်သမားသုံးဦးတို့ ကွာခြားသည့်နေရာမှာ Adversity Quotient တွင်ဖြစ်သည်။ အတက်သမားများသည် အမြင့်မားဆုံးသော AQ ကို ပိုင်ဆိုင်ကြသည်။ စခန်းချသူများ၏ AQ မှာ သာမန်အဆင့်ဖြစ်ပြီး လက်မြောက်အရှုံးပေးသူတို့သည် AQ နိမ့်ကြသည်။
AQ မြင့်သောသူတို့သည် အဆိုးရွားဆုံးသော အခြေအနေများတွင်ပင် စိတ်ဓာတ်ခိုင်ခိုင်မာမာထားနိုင်သူဖြစ်သည်။ ရေခဲတောင် တက်ပြီး နှင်းမုန်တိုင်းကြားတွင် လူကွဲကျန်ခဲ့သည်မှာ အတန်ကြာသောကြောင့် အတွေ့အကြုံရင့် တောင်တက်သမားအဖော်များက သေပြီဟု တစ်ညီတစ်ညွတ်တည်း သတ်မှတ်ထားချိန်တွင် စုရပ်သို့ ကျားကုတ်ကျားခဲ ပြန်လာနိုင်သောသူတို့သည် AQ မြင့်မားသူများဖြစ်သည်။ စီးပွားအကြိမ်ကြိမ်ပျက်သော်လည်း အကြိမ်ကြိမ်ပြန်ထူမတ်လာကာ ကြီးပွားနေသူသည် AQ မြင့်သူဖြစ်သည်။ ရောဂါဝေဒနာဆိုးကို ခံစားနေရသော်လည်း စိတ်မပျက်၊ လက်မလျှော့ဘဲ လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လုပ်ဆောင်နေသူများသည် AQ မြင့်သူများဖြစ်သည်။
ပေါ့ပါးပြီး ကြာရှည်အသုံးခံသည့် ဘက်ထရီကို တီထွင်ရန် နှစ်၂ဝကြာ စမ်းသပ်မှုပေါင်း ငါးသောင်း ပြုလုပ်ခဲ့သည့် တီထွင်သမားကြီး အက်ဒီဆင်၏ ဥပမာကို ကြည့်ရအောင်။ 'မစတာအက်ဒီဆင်ခင်ဗျား၊ အကြိမ်ငါးသောင်းတောင် မအောင်မြင်ခဲ့တာကို ဘာလို့ ရလာဒ်တွေ ထွက်လိမ့်မယ်လို့ ထင်နေသေးတာလဲ'၊ တစ်ဦးက မေးခွန်းထုတ်သည်။ 'ရလာဒ်လား၊ ရလာဒ်တွေ ရနေတာပဲလေ။ ဘက်ထရီ ဖြစ်မလာနိုင်တဲ့နည်း ငါးသောင်းတောင် ကျွန်တော် သိသွားပြီ' ဟု အက်ဒီဆင်က ပြန်ဖြေလိုက်သည်။ မဖြစ်နိုင်သောနည်း ငါးသောင်းသိသွားသည့်အတွက် ဖြစ်ရန် နီးစပ်လာပြီဟု အက်ဒီဆင်က သဘောထားသည်။ အက်ဒီဆင်သည် 'အတက်သမား' ကြီးဖြစ်သည်။
မည်မျှထူးချွန်ထူးချွန်၊ မည်မျှ ဥာဏ်ရည်ထက်ထက် AQ နိမ့်လျှင် ထိုအရည်အချင်း ဥာဏ်ရည်တို့သည် သဲထဲရေသွန်ဖြစ်မည်သာ။ မည်သည့်အလုပ်ဖြစ်စေ အခက်အခဲရှိမြဲဖြစ်သောကြောင့် အခက်အခဲတွေ့လျှင် လက်မြောက် အရှုံးပေးတတ်သူသည် လိုရာရောက်မည်မဟုတ်။ ကြီးကျယ်မြင့်မားသော အလုပ်တာဝန်မှန်သမျှ အခက်အခဲကြီးမားတတ်စမြဲဖြစ်ရာ AQ နိမ့်လျှင် မည်သို့မျှ မပြီးမြောက်နိုင်။ အထူးသဖြင့် မဖောက်သေးသောလမ်း၊ မလျှောက်ဖူးသောလမ်း (Untraveled Road) တို့ကို လျှောက်လိုလျှင် AQ မြင့်ရမည်။
ဘုန်းမီးနေလတောက်ပသော နေမဝင်ဗြိတိသျှအင်ပါယာကြီးအား အန်တုကာ လွတ်လပ်ရေးရယူမည်ဆိုသည့် အကြံမှာ သာမန်လူများ မစဉ်းစားဝံ့သော အရာပင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မျိုးချစ်များသည် ထိုသို့ မလျှောက်ဖူးသည့် လမ်းကိုမှ ရွေးချယ်ကာ လျှောက်လှမ်းခဲ့ကြသည်။ ထောင်ဘေး၊ အသက်အိုးအိမ်စည်းစိမ်ပြုတ်မည့်ဘေးတို့နှင့်တကွ အပင်ပန်းအဆင်းရဲမျိုးစုံတို့ကို အပြုံးမပျက် ကြံ့ကြံ့ခံနိုင်ခဲ့သောကြောင့် တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်ကာ လွတ်လပ်ရေးပန်းတိုင်သို့ မြန်မာနိုင်ငံကို အရောက်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်နှင့်တကွ မျိုးချစ်တို့ကို အတိအကျ သွားရောက်တိုင်းတာရန် မဖြစ်နိုင်တော့သော်လည်း သူတို့၏ Adversity Quotient မြင့်မားမည်မှာ သေချာပါသည်။
မိမိတောင့်တသော ရည်မှန်းချက်သည် ကြီးမားမွန်မြတ်သည်နှင့်အမျှ တောင်ထိပ်သည် မြင့်မားဝေသီမည်ဖြစ်သလို တောင်တက်လမ်းသည်လည်း ကြမ်းတမ်းခက်ခဲမည်။ AQ
မြင့်ပါမှ 'တောင်ကြီးဖဝါးအောက်' ရောက်မည်ဖြစ်သည်။ စာရှုသူ မိတ်ဆွေ၊ သင်ရော ဘယ်လို တောင်တက်သမားမျိုးလဲ။
ဇေယျသူ
ဒီတစ်ပတ်ထုတ် Street View မှာ ရေးဖြစ်တဲ့ ဆောင်းပါးပါ။

Sunday, October 14, 2018

မေ့မထားသင့်သော သွားနှင့်ခံတွင်း သန့်ရှင်းရေး

https://www.facebook.com/eiaung18/posts/10154194581539546
သဘာဝဘေးအန္တရာယ်လွန်မြောက်ပြီးနောက် အများအားဖြင့် စားဝတ်နေရေးနှင့် အထွေထွေကျန်းမာရေးစောင့်ရှောက်မှုများကို အလေးပေး ဆောင်ရွက်နေချိန်တွင် သွားနှင့်ခံတွင်းကျန်းမာရေးအားမေ့လျော့နေတတ်ကြပါသည်။ ထို့ကြောင့် ကျွန်မ တတ်နိုင်သလောက် ရှာဖွေပြီး မြန်မာပြည်သူတွေတွက် သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ေ၇ှာက်မှုကို ပြန်လည်မျှဝေပေးလိုက်ပါသည်။
ဂျပန်နိုင်ငံ ဆူနာမီဖြစ်ပွားပြီးချိန်တွင် သွားတိုက်တံ၊ သွားတိုက်ဆေး၊ သောက်သုံးရေရှားပါးချိန်တွင် သွားနှင့်ခံတွင်းကျန်းမာရေး မည်သို့ ဆောင်ရွက်ရမည်ကို လမ်းညွှန်ပြသထားပါသည်. ထိုအချက်လက်များအားမှီငြမ်းကာ တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားပြန်ထားပေးပါသည်။ မြန်မာပြည်သူတွေအတွက် အထောက်အပံ့တစ်ခုဖြစ်ပြီး သွားနှင့်ခံတွင်းဝေဒနာများ ကင်းဝေးကြပါစေလို့ ဆန္ဒပြုလိုက်ပါသည်။
မေ့မထားသင့်သော သွားနှင့်ခံတွင်း သန့်ရှင်းရေး
ဘဘာဝဘေးအန္တရာယ်လွန်မြောက်ပြီးချိန်တွင် လူတို့၏ နေ့စဉ် အစားအသောက်နှင့် နေထိုင်ရေး သောက်သုံးရေရရှိရေး အထွေထွေကျန်းမာရေးတို့အား အလေးထား ဆောင်ရွက်နေချိန်တွင် သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုကို သတိလက်လွတ်ဖြစ်နေတတ်ပါသည်။
သွားနှင့်ခံတွင်း သန့်ရှင်းရေးသည် ခံတွင်းကျန်းမာရေးတစ်ခုတည်းအတွက်သာ မဟုတ်ဘဲ သင်၏ အထွေထွေ ကျန်းမာရေး အတွက်လည်း အရေးကြီးသော အခန်းကဏ္ဍအဖြစ်ပါဝင်ပါသည်။ အထူးသဖြင့် တခဏတာေ၇ွ့ပြောင်းနေထိုင်၇သော ယာယီနေရာများနှင့် သောက်သုံးရေ ပြတ်လတ်သော နေရာများတွင် ခံတွင်းကျန်းမာရေးကို မေ့လျော့နေတတ်ကြသည်။ အသက်၇ွယ်ကြီးသူများသည် ခံတွင်းသန့်ရှင်းရေးကို ဂရုတစိုက်မပြုလုပ်မိပါက မလိုလားအပ်သော အဆုတ်ရောင်ရောဂါ (aspiration pneumonia) ဖြစ်ပွားခြင်းကို အားပေးရာရောက်ပါသည်။ ထို့အပြင် ဆီးချိုရောဂါရှင် များတွင် သွားဖုံးရောင်ရောဂါကာကွယ်ခြင်းမှသည် ခန္ဓာကိုယ်တွင်း သကြားဓါတ်ကို ထိန်းညှိထားပေးနိုင်ပါသည်။ ထို့ကြောင့် ခံတွင်းသန့်ရှင်းရေးကို မမေ့မလျော့ဘဲ ဆောင်ရွက်ရန် လိုအပ်ပါသည်။ ကလေးသူငယ်များတွင်လည်း ခံတွင်းကျန်းမာရေးကို လျစ်လျူရှုထားမိခြင်းကြောင်း သွားပိုးစားခြင်းများပိုမိုဖြစ်ပွားလာနိုင်ပါသည်။
သွားတိုက်တံ၊ သောက်သုံးရေ ရှားပါးသော နေရာများတွင် ခံတွင်းသန့်ရှင်းရေးမည်ကဲ့သို့ ပြုလုပ်ကြမည်နည်း။
သွားတိုက်တံ အလုံလောက်မရရှိသောနေရာများတွင်
၁။ အစာစားပြီးတိုင်း ရေ သို့မဟုတ် ရေနွေးကြမ်း ၃၀မီလီလီတာ (ထမင်းစားဇွန်း ၂ဇွန်း) ဖြင့် ခံတွင်းနေရာအနှံ့ကောင်းစွာ ပလုတ်ကျင်း ပေးပါ။
၂၊ ထို့အပြင် သန့်ရှင်းသော အ၀တ်စ၊ တစ်သျူးကို လက်ညှိုးတွင်းပတ်ကာ သွားမျက်နှာပြင်များကို ပွတ်ကာ သန့်ရှင်းရေးလုပ်ပေးနိုင်ပါသည်။
၃။ မေးရိုးအောက်နားတ၀ိုက်အား ညင်သာစွာနှိပ်နယ်ပေးခြင်းဖြင့် တံတွေးများပိုမိုထွက်ရှိအောင် ပြုလုပ်ခြင်းသည်လည်း ခံတွင်းရှိ စားကြွင်းစားကျန်များကို အတိုင်းတာတစ်ခုအထိ ဖယ်ရှားသန့်ရှင်းစေနိုင်ပါသည်။ ထို့အပြင် ခံတွင်းခြောက်ခြင်း ဝေဒနာမှလည်း ကာကွယ်ပေးပါသည်။
သွားတိုက်တံရှိသော်လည်း သောက်သုံးရေ အလုံလောက်မရှိပါက
၁။ ရေ ၃၀မီလီလီတာ (ထမင်းစားဇွန်း ၂ဇွန်း) စာကို ခွက်တစ်ခုတွင်ထည့်ပါ။
၂။ သွားတိုက်တံကို ထိုရေဖြင့် စိုစွတ်အောင်ပြုလုပ်ပါ၊ ထို့နောက် ပါးစပ်ထဲသို့ထည့်ကာ သွားတိုက်ခြင်းကို ပြုလုပ်ပါ။
၃။ သွားတိုက်စဉ် သွားပွတ်တံ ညစ်ပတ်လာပါက ပါးစပ်ထဲမှထုတ်ကာ တစ်သျူး (သို့မဟုတ်) ရေစို တစ်သျုး ရနိုင်ပါက ရေစို တစ်သျူး (wet tissue) ကိုအသုံးပြုကာ ကောင်းစွာ သန့်ရှင်းလိုက်ပါ။ ထို့နောက် သွားပြန်ဆက်တိုက်ပါ။ ညစ်ပေလာလျှင်သန့်ရှင်းရေးပြန်လုပ်ပါ။ ပါးစပ်ထဲမှသွားများ သန့်ရှင်းသည်အထိ သွားတိုက်ခြင်းနှင့် သွားပွတ်တံအားလည်း ပြန်လည်သန့်ရှင်းခြင်းကို အကြိမ်ကြိမ်ပြုလုပ်ပါ။
၎။ နောက်ဆုံးတွင် ခွက်ထဲမှ ရေ ၃၀ မီလီလီတာဖြင့် ကောင်းစွာ ပလုတ်ကျင်းပေးပါ။ (ရေကို အနည်းဆုံး နှစ်ကြိမ်၊ သုံးကြိမ် စာလောက်ခွဲကာ ပလုတ်ကျင်းခြင်းသည် ရေအားလုံးသုံးကာ တစ်ကြိမ်တည်းကျင်းခြင်းထက် ပိုမိုထိရောက်ပါသည်)
သွားတိုက်ဆေးမလုံလောက်/သွားတိုက်ဆေးမရရှိပါက သွားပလုတ်ကျင်းဆေးရည်ရရှိနိုင်ပါက သွားပလုတ်ကျင်းဆေးရည်များကို အသုံးပြုနိုင်ပါသည်။
၁။ သွားပလုတ်ကျင်းဆေးရည် ၁၀မီလီလီတာ (လ္ဘက်ရည်ဇွန်း ၂ဇွန်း) ကို ပါးစပ်ထဲတွင် စက္ကန့် ၂၀ခန့် နေရာအနှံ့ရောက်ရှိစေရန် ကောင်းစွာပလုတ်ကျင်းပေးပါ။
၂။ ပြီးလျှင်သွားပွတ်တံဖြင့် သွားမျက်နှာပြင်အနှံ့အား သန့်ရှင်းသည်အထိ ပွတ်တိုက်ပေးပါ။ ထို့နောက် သွားပလုတ်ကျင်းဆေးရည်အနည်းငယ်ဖြင့် ပြန်လည်ပလုတ်ကျင်းပါ။ သွားပွတ်တံအား ပြန်လည်သန့်ရှင်းရေးပြုလုပ်ရန် မမေ့ပါနှင့်။ ပလုတ်ကျင်းဆေးရည်အသုံးပြုပြီးပါက ရေဖြင့် ပြန်လည်ပလုတ်ကျင်းရန်မလိုအပ်ပါ။
အထက်ပါ နည်းများဖြင့် မိမိတို့၏ သွားနှင့်ခံတွင်းကျန်းမာရေးကိုလည်း မမေ့မလျော့ဘဲ ဆောင်ရွက်ခြင်းဖြင့် သွားရောဂါဝေးနာများ ကင်းဝေးကြပါစေ။
Ref: and photos credit to - Importance of Oral Hygiene in the Wake of a Disaster

"ရေကြီးပြီးနောက် သတိထားလုပ်ဆောင်ရမည့်အချက်များ"

"ရေကြီးပြီးနောက် သတိထားလုပ်ဆောင်ရမည့်အချက်များ"
၁. တကိုယ်ရေသန့်ရှင်းရေး နဲ့ ရေကောင်းရေသန့် အသုံးပြုနိုင်ရေး အထူးသတိပြုပါရန်။
၂. ရေ၀င်ထား ရေမြုပ်ထားလို့ ပြန်လည်သန့်ရှင်းရေးလုပ်ပီးတဲ့ အခါတွေမှာဆပ်ပြာအသုံးပြုပြီး ရေသန့်နဲ့ ကိုယ်လက်သန့်စင်ဆေးကြောရန်။
၃. အိမ်ထဲဝင်ရောက်လာသောရေနှင့် ထိတွေ့ထားသော စားသောက်ပန်းကန်ခွက်ယောက်များ အားလုံး ရေသန့်နဲ့ ဆပ်ပြာအသုံးပြုပြီး သန့်စင်ဆေးကြောရန်။
၎. သန့်စင်သောရေ အလုံလောက်မရရှိသေးသော နေရာများတွင် တခါသုံး ပန်းကန်ခွက်ယောက်များ အသုံးပြုခြင်းက အထိရောက်ဆုံးကာကွယ်မှုပါ။
၎. ရေပိုက်ကလာမယ့်ရေတွေကိုပါဖြစ်နိုင်ရင် ကြိုချက်သောက်သုံးကြပါ။ ရေသန့်များသာအသုံးပြုပါ။
၅. ကလေးရှိတဲ့ မိဘများလည်း ကလေးတွေကို ဆော့ကစားတဲ့ အရုပ်တွေကိုပါ သန့်ရှင်းရေးပြန်လုပ်ပေးဖို့ သတိရှိကြပါ။
၆. ရေမကျသေးချိန် အပြင်သွားကြရင်လည်း လည်ရှည်ဖိနပ်တွေစီးကြပါ။ အရေပြားရောဂါ မဖြစ်အောင်လည်း ကာကွယ်ရာရောက်သလို မြွေးပါးကင်းပါးရန်လည်း ကာကွယ်ရာရောက်ပါတယ်။
၇. ရေကျချိန် မိမိအိမ်ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ချိန်တွင်လည်း ရာဘာလက်အိတ်နဲ့ လည်ရှည်ဖိနပ်စီးပြီး လုပ်ကြပါ။ ထိမိရှမိဖြစ်တတ်လို့ သတိပြုလုပ်ဆောင်ကြပါ။
၈. ရေ၀င်ထားတဲ့ အိမ်တွေလည်း လျှပ်စစ်မီးကြိုးတွေ ပြန်စစ်ဆေးပီးမှ သတိပြုပြီး လျှပ်စစ်မီး အသုံးပြုကြပါ။
၉. မိမိနေအိမ် (သို့) ရပ်ကွက်က အသုံးပြုသော ရေတွင်းရေကန်များကို ပြန်လည်စီစစ်ပြီး အသုံးပြုရန်သင့်တော်မှသာ ပြန်လည်အသုံးပြုကြပါရန်။ (လိုအပ်ပါက မြို့နယ်ကျန်းမာရေးဦးစီးဌာနကို အကူညီတောင်းခံ စစ်ဆေးခြင်းများပြုလုပ်ပါ)
၁၀. မိုးတိတ်ပြီး ရေပြန်ကျချိန် ကလေးများ ရေထဲဆင်းဆော့ခြင်းကိုလည်း အထူးတလည်သတိထားကြပါ။
(လောလောဆယ်သတိရသလောက်ချရေးထားတာမို့ လိုအပ်တာတွေ ကျန်နေတာတွေ ရှိနိုင်ပါသေး၍ ထပ်မံဖြည့်စွက်ပေးခြင်းဖြင့် ကူညီပါ)