ခပ်စိမ်းစိမ်းပဲ နေလိုက်ပါ
"""""""""""""""""""""""""""
တစ်ယောက်ကို တစ်ယောက် သံယောဇဉ်တွေပွားနေမယ် ဆိုရင်
ကိုယ့်သံယောဇဉ်ကြောင့်ကိုယ်ဒုက္ခရောက်ရမှာဖြစ်သလို
သူ့သံယောဇဉ်ကြောင့် သူ ဒုက္ခရောက်ရလိမ့်မယ်။
ကိုယ့်ကြောင့် သူ့ကိုမဆင်းရဲစေချင်ဘူး ဆိုရင်
ကိုယ့်အပေါ်မှာရှိနေတဲ့ သူ့ရဲ့သံယောဇဉ်တွေကို
ကြီးထွားသွားအောင် မလုပ်ပါနဲ့။
သူ့ကြောင့် ကိုယ်မဆင်းရဲချင်ဘူးဆိုရင်လည်း
သူ့အပေါ်မှာရှိနေတဲ့ ကိုယ့်ရဲ့သံယောဇဉ်တွေကို
လျှော့ချပစ်ပါ။
ဘယ်သူ့အပေါ်မှာထားတဲ့ ဘယ့်သူ့ရဲ့သံယောဇဉ်ပဲဖြစ်ဖြစ်
ဒုက္ခကိုဖြစ်စေမယ် ဆိုတာ သံသယဖြစ်စရာ မရှိဘူး။
စားသောက်ထားတဲ့ အစားအစာတွေဟာ
မုချ ကျင်ကြီးကျင်ငယ်ကိုဖြစ်စေသလိုပဲ
ထားမိတဲ့ သံယောဇဉ်တွေဟာ သေချာပေါက်
ဆင်းရဲကို ဖြစ်စေလိမ့်မယ်။
သံယောဇဉ် များခြင်းဟာ ဒုက္ခများခြင်းပဲ ဖြစ်တယ်။
ဒုက္ခ မများချင်ဘူး ဆိုရင်
ကိုယ်ကလည်း ဘယ်သူ့ကိုမှမငြိနဲ့
ကိုယ့်ကိုလည်း ဘယ်သူကမှ မငြိစေနဲ့။
တစ်ယောက်ကို တစ်ယောက် ငြိမိလို့ကတော့
ချည်ဝင်အူပေါက်လို ရှင်းမရအောင် ရှုပ်သွားလိမ့်မယ်။
ဒါကြောင့်.....
ဒုက္ခမများစေချင်ဘူးဆိုရင်
အားလုံးအပေါ်မှာ ခပ်စိမ်းစိမ်းပဲ နေလိုက်ပါ။
အရှင်ဥတ္တမ(သစ္စာရွှေစည်)
၁၁-၃-၂၀၁၇