Thursday, September 18, 2014

ခွဲခွါခြင်း ကွဲကွာခြင်းကို အေးချမ်းစွာလက်ခံနိုင်သူ.. ကျွန်မဖြစ်ရပါစေ...



           လောကကြီးထဲ ကျင်လည်ရတဲ့ ဘ၀နေ့ရက်တွေတိုးလာတိုင်း ဘ၀ရဲ့ အကောင်းအဆိုး အကျိုးကြောင်းနဲ့အတူတူ လောကကြီးရဲ့ သဘာဝတရားကို ပိုပြီး မြင်လာ ပိုပြီးရှင်းရှင်းလင်းလင်း နားလည်လာတယ်… တွေ့ကြုံဆုံကွဲ ဓမ္မတာဘဲတဲ့… ဟုတ်ပါတယ်… ဘ၀သံသရာမှာ မရေတွက်နိုင်လောက်တဲ့ သူတွေနဲ့ အမှတ်မထင်ရော နက်နက်နဲနဲသံယောဇဉ်တွေနဲ့ရော ဆုံဆည်းခဲ့ကြတယ်… အချိန်တစ်ခုရောက်ကြတော့ ကွဲကွာသွားကြရတာပါဘဲ… တွေ့ဆုံခြင်းတိုင်းရဲ့ အနောက်ကွယ်က ကွဲကွာခြင်းကို မမြင်တွေ့ခင် သတိမပြုမိခင်က ကွဲကွာခြင်းက ကျွန်မကို သိပ်နှိပ်စက်လေရဲ့… ခုတော့ သဘာဝတရားရဲ့ မမြဲတဲ့ အဖြစ်ပျက်တွေကို ကျွန်မ အတော်တန်နားလည်လာပြီမို့ ကျွန်မကိုယ့်ကိုယ်ကို ခံနိုင်ရည်ရှိပြီထင်ခဲ့ပေမယ့်… လက်တွေ့မှာ အရင်ကထက် ပိုလက်ခံနိုင်လာပေမယ့် ကွဲကွာခြင်းတွေ ခွဲခွါခြင်းတွေက ကျွန်မကို နာကျင်စေမြဲပါ… ဒါပေမဲ့ လက်မခံလို့မရဖူးလေ… တွေ့ဆုံခြင်းတိုင်းမှာ ကွဲကွာခြင်း ခွဲခွါခြင်းက ရှိစမြဲမဟုတ်လား… စောခြင်း နောက်ကျခြင်း ဆိုတဲ့ အချိန်… ရှင်လျက်နဲ့ကွဲ သေလျက်နဲ့ကွဲ နေလျက်နဲ့ကွဲဆိုတဲ့ အခြေနေ စတဲ့အချက်တွေသာကွဲပြားပေမယ့် ကွဲကွာရမှာ အသေချာပါဘဲလေ… ကျွန်မ ချစ်ရတဲ့သူတွေ သံယောဇဉ်ရှိရတဲ့သူတွေ အများကြီးကျွန်မခွဲခွါ ကွဲကွာခဲ့ဖူးပါတယ်… နာကျင်မှု ၀မ်းနည်းမှုတွေလည်း ခဏခဏပေါ့… ဒါပေမဲ့ ရှောင်လွှဲလို့မှမရတာ…  အေးချမ်းစွာလက်ခံတတ်သူ လက်ခံနိုင်သူဖြစ်အောင် ကျွန်မစိတ်ကို ကျွန်မလေ့ကျင့်ဖို့ဘဲ လိုတော့တာပေါ့… ကျွန်မခံစားရတာတွေ နာကျင်ရတာတွေ တဖြည်းဖြည်းပေါ့… နည်း…နည်းသွားဖို့ဘဲ ကျွန်မမျှော်လင့်မိတယ်…  ဘ၀နေ့ရက်အဆုံးမသတ်ခင်အချိန်မှာ ကျွန်မ အရာရာတွက် အဆင်သင့်ပြင်ထားနိုင်သူဖြစ်ချင်တယ်…  အရာရာတိုင်းကို ငြိမ်းအေးစွာ ထားခဲ့နိုင်သူ ကျွန်မဖြစ်ရပါစေ… ထားခဲ့ခံရသူက ကျွန်မကိုယ်တိုင်ဖြစ်ခဲ့မယ်ဆိုရင်တောင် ကွဲကွာ ခွဲခွါခြင်းတွေကို အေးချမ်းစွာ လက်ခံနိုင်သူ ဖြစ်ရပါစေသား….